Wednesday, September 24, 2008



ငါ့စွန်လေး ကော့သွားပြီ



အခုတော့ ငါလည်း ပြောင်းလည်းခဲ့ပြီပဲ။

လွန်ခဲ့တဲ့နှစ် အနည်းငယ်ကဆို ငါစိတ်ကူးတွေက လန်းဆန်းလို့. တက်ကြွလို့..

စိတ်ကူးနဲ့ငါ့ကြားမှာ ငါ့ချစ်သူတောင်မရှိခဲ့ဘူး။

လက္ဘက်ရည်ဆိုင်ထိုင်ရင်း၊ မြို့ထဲပလက်ဖောင်းတွေပေါ်လမ်းလျှောက်ရင်း...

တိမ်တွေကြည့်ရင်း၊ တောင်တွေတက်ရင်း...

ယူကလစ်ပင်ကြီးမှီရင်း..

လေတံခွန်လွှတ်ရင်းနဲ့

ငါ့အတွေးတွေကို ဆန့်ထုတ်ဖို့လုပ်နေခဲ့တယ်။

၀ါးပင်လေးခိုးလာ.. ၀ါးရုံလေးဖြစ်တဲ့အထိပျိုးရင်း

၀ါးရုံရဲ့အလှတရားကို အကြားကြီးငါ ကြည့်ခဲတယ်။

ဘာမှမဟုတ်ပေမယ့် သွားတိုက်ဆေးနည်းနည်းကို ရေကန်ထဲထည့်

ပတ်ချာလည်နေတာကိုလည်း အခါများစွာ စွဲစွဲလမ်းလမ်းကြည့်ခဲ့တယ်။

အဲဒီတုန်းကဆို..

လတ်ဆတ်တဲ့ စိတ်ကူးတွေနဲ့ငါ့နေ့ရက်တွေကို လွတ်လွတ်လပ်လပ် ဖြတ်သန်းလို့..

နှစ်တွေအနည်းငယ်ကြာလာ.. အခု ငါဟာ မအိုသေးပါဘူး.

စိတ်ကူးတွေကသာ အိုးမင်းသွားခဲ့တာ

ကောင်းကင်ကြီးကို ကြည့်မိတော့..

ငယ်ငယ်တုန်းကကောင်းကင်နဲ့အခု ကောင်းကင် အတူတူ ပဲနော်... ဆိုရော

လုပ်ဖော်ကိုင်ဖက်တွေကဝိုင်းရယ်ကြတယ်။

တကယ်ဆို သူတို့ကမသိတာပါ။

ငါ့အတွက်တော့ ငယ်ငယ်တုန်းကကောင်းကင်နဲ့ အခုကောင်းကင်

အတူတူပဲ။

တခုပဲလေ...........။ ငါ့ စွန်လေးကို မမြင်ရတော့ဘူး။



နတ်ဆိုး



Thursday, 7 June 2007 21:28



မနှစ် က တင်ထားခဲ့တဲ့ ဟာပါ။ ဘာလိုလိုနဲ့ ၁ နှစ်တောင် ကျော်သွားပြီ။ ဒီ လောကနဲ့ရင်းနီးတာ၊ ဒီလူတချို့နဲ့ခင်မင်တာ။ ဒါပေမယ့် စွန်လေးကတော့ အခုအချိန်အထိ ပြန်မရတော့ဘူး။ တနေ့တနေ့ အလုပ်တွေကြား၊ တာဝန်တွေကြား လူးလား ရှုတ်ရှပ်ခက်ရင်း၊ emotional ဆန်တဲ့ ကျွန်တော် professional ဆန်အောင် မရမက လုပ်ရင်း.. ရှုပ်ထွေးစွာတွေးလာတက်တဲ့ အတွေးတွေကို မရှင်းနိုင်သမျှတော့ ဒီလိုပဲ ဆက်သွားနေဦးမှာပဲ။

တနေ့တော့ လို့ ယုံကြည်ပြီး အသက်ဆက်ရမှာပဲလေ။ ငြင်းဆန်ရုန်းကန်နေသမျှတော့ မျော်လင့်ချက်ဆိုတာ ရှင်သန်နေဦးမှာပဲ။



ပုံက ပန်ဒိုယာ ဆီက တောင်းပြီး တင်ပါတယ်။

3 comments:

  1. စွန်လေး ပြန်ရှာပေးတာ ကျေးဇူးပဲ နတ်ဆိုးရေ။

    ညည်းစွန်လေးကို ကြိုက်ပြီး ရေးမိခဲ့တဲ့ နာ့စွန်လေးကိုလည်း အမှတ်တရ ဒီမှာပြန်ရေးလိုက်တယ်။

    http://pandora-and-pandora.blogspot.com/2007/07/blog-post_16.html

    ငါ့စွန်လေး

    ငါမသွားနိုင်တဲ့ကောင်းကင်ကို
    ငါနဲ့ ကြိုးတစ်မျှင်စာပဲခြားတဲ့
    ငါ့စွန်လေးရောက်သွားတာ
    ပျော်စရာကြီး…

    လေကြောင်းအလိုက် ရစ်လုံးကို ကွေ့ဝိုက်
    မှန်စာတိုက်ထားတဲ့ကြိုးနဲ့
    သူ့ဖြတ်ကိုယ့်ဖြတ် စီးချင်းထိုးရတာ
    ပျော်စရာကြီး…

    အလှစွန်တွေကိုတော့ ဘေးမဲ့ပေးထားတယ်
    လေဘယ်လိုတိုက်တိုက် သူတို့ကိုမထိခိုက်ဖို့
    ထိန်းချုပ်မှုအာဏာ ငါ့လက်ထဲမှာ
    ပျော်စရာကြီး…

    လွှတ်လို့ကောင်းနေတုန်း
    ငါ့ကောင်းကင်မှာမှ
    ဘာကြောင့် မိုးကရွာချရတာလဲ...။

    ပန်ဒိုရာ

    ReplyDelete
  2. အဲဒီစွန်လေးတွေ အကြောင်းတော့ မှတ်မိသား။ ကဗျာကို သေချာ မဖတ်ဖြစ်ဘူး ထင်တယ်။ အခု ဖတ်ရတာ ကောင်းတယ်။ တစ်နှစ်ဆိုတာ ခဏလေးရယ်။

    ReplyDelete
  3. ကျေးဇူးပဲ. မပန်. ပုံပေးလို ၊့ ကဗျာ ဒီမှာရေးသွားလို့ ။

    မပုံရိတ်.. တ နှစ်ဆိုတာ ခဏလေးရယ်။

    သိပ်မကြာတော့ပါဘူး.. ၁၀ နှစ်ဆိုတာ ခဏလေးရယ်လို့  ပြောရတော့မယ်။ :D

    ဒီလိုပါပဲ။ :)

    ReplyDelete