ကျွန်တော်တို့၊ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က အင်္ဂလိပ်တပ်များက အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်၊ အထက် မန္တလေးရတနာပုံနေပြည်တော်မှ အိမ်ရှေမင်းသားဟာ ကိုယ့်နိုင်ငံရဲ ့ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက်နေခဲ့တယ်။ ခေတ်နောက်ကျစွာတွေးခေါ်နေကြတဲ့ အဲဒီအချိန်ကာလမျိုးမှာ အိမ်ရှေ့မင်းသားက ခေတ်မီတိုးတက်စွာ ထိုးဖောက်တွေးခဲ့ခေါ်ပြီးတော့၊ နိုင်ငံတော်ကို အင်အားရှိအောင် ပြန်လည်တည်ဆောက်နေခဲ့ချိန်လည်းဖြစ်တယ်။ ခေတ်မီလက်နက်စက်ရုံများ၊ အထည်လိပ်စက်ရုံ၊ ငွေသွန်းစက်ရုံတို့ကဲ့သို့ အခြားလက်နက်နှင့်မဆိုင်သောစက်ရုံးများ တည်ထောင်ခြင်း၊ တိုးတက်နေတဲ့ ပြင်သစ်လို အနောက်ဥရောပနိုင်ငံများကို ထက်မြက်တဲ့မြန်မာလူငယ်တွေကို ပညာတော်သင်အဖြစ်စေလွှတ်ခြင်း စသည်တို့ကိုလုပ်ဆောင်နေခဲ့ချိန်လည်းဖြစ်တယ်။ အိမ်ရှေမင်းသားရဲ့ ဇာတိမာန်ကို အနောက်နိုင်ငံသားများနှိမ်မှာကိုးစိုးရိမ်လို့ အရပ် ၆ ပေကျော်သူများသာ ပညာတော်သင်အဖြစ် စေလွတ်တာကို ကြည့်ခြင်းဖြင့် သိနိုင်တယ်။
ထိုရဲရင့်ထက်မြတ်လှတဲ့ အိမ်ရှေ ့စံကတော့ ကျွန်တော်တို့ရဲ့ ကနောင်မင်းသားကြီးပါပဲ။ နံနက်ခင်းတခုမှာ အိမ်ရှေ ့စံဟာ လွတ်တော်ထဲမှာ သူရဲ့ဝန်ကြီးများနှင့်အတူ တိုင်းရေးပြည်ရာ အစည်းအဝေးတရပ်ကို ကျင်းပနေခဲ့တယ်။ အဲဒီအချိန်မှာပဲ အိမ်ရှေ့မင်းသားနဲ့ တူဝရီးတော်တဲ့ မြင်းကွန်း၊ မြင်းခုန် ညီအကိုမင်းသားနှစ်ပါးက ခိုက်ရန်ဖြစ်ပွားဟန်ဆောင်ပြီးတော့ လွတ်တော်ဖက်သို့ ပြေးလာခဲ့ကြတယ်။ အိမ်ရှေ ့မင်းသားက ရန်ဖြစ်ကြတယ်ထင်ပြီး တားဆီးဖို့ လွတ်တော်ထဲကနေ ထွက်လာတဲ့အခါ၊ မင်းသားနှစ်ပါးက အိမ်ရှေ့မင်းသားကို ဓါးနှင့်ခုတ်ကာ လုပ်ကြံခဲ့တယ်။ သူတို့က ဦးရီးတော်အိမ်ရှေ ့စံရှိနေသမျှ ဘုရင်မဖြစ်နိုင်ဟု မိုက်မဲစွာ ထင်မြင်ကြတဲ့အတွက် လုပ်ကြံခဲ့ကြခြင်းဖြစ်တယ်။ (ခမည်းတော် မင်းတုန်းဘုရင်ကို ဆက်တိုက်လုပ်ကြံဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ဘူး။)
ရလဒ်ကတော့ မန္တလေးရတနာပုံနေပြည်တော်မှာ သီပေါလိုမျိုး အရည်အချင်းမပြည့်ဝတဲ့မင်းသားက ဘုရင်ဖြစ်လာတယ်၊ ပြီးတော့ မြန်မာနိုင်ငံတော်တခုလုံး အင်္ဂလိပ်လက်အောက်ကို ကျွန်နိုင်ငံအဖြစ် လွယ်လွယ်ကူကူ ရောက်သွားခဲ့ရတော့တယ်။ ကျွန်တော်တို့ဟာ ရဲရင့်ထက်မြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် နှစ်ပေါင်းများစွာ ကျွန်နိုင်ငံအဖြစ် ဆင်းဆင်းရဲရဲ၊ နှိမ့်နှိမ့်ချချ အသက်ရှင်ခဲ့ရတယ်။
အဲဒီကနေ နောင်နှစ်ပေါင်း ၇၀ လောက်အကြာမှာ မတရားသိမ်းပိုက်ထားတဲ့ အင်္ဂလိပ်လက်အောက်နေ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့တတွေဟာ ရှားမှှရှားတဲ့ ခေါင်းဆောင်တယောက်ကို ထပ်မံရရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမည်နာမကို ပြောကြ၊ ကြားကြတာနဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ ရင်ထဲမှာ လေးစားခြင်း၊ ချစ်မြတ်နိုးခြင်း၊ ဂုဏ်ယူခြင်း၊ တမ်းတခြင်းတွေနဲ့ ပြည့်နေခဲ့တယ်။ မြန်မာဆိုတာ သခင်မျိုးဆိုတဲ့ စိတ်ဓာတ်နဲ့၊ မြန်မာဆိုတာ ကျွန် မဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ အင်္ဂလိပ်ကို မောင်းထုတ်ဖို့ လုပ်ခဲ့တယ်။ ၁၂နှစ်တာကာလလေးအတွင်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည် လွတ်လပ်ရေးရဖို့အတွက် အခြေအနေအလိုက် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီအချိန် ရန်သူဖြစ်နေတဲ့ အင်္ဂလိပ်တွေကိုယ်နိုက်က နှစ် ၃၀၀ လောက်မှာမှ ရှားရှားပါးပါး ပေါ်ထွန်းတက်တဲ့ ခေါင်းဆောင်လို့ ပြောဆိုခဲ့ရတယ်။ ရန်သူခေါင်းဆောင် တွေကိုယ်တိုင် လေးစားခဲ့ရတဲ့သူဖြစ်တယ်။ လူမျိုးစွဲ မရှိသလို၊ တိုင်းရင်းသားခေါင်းဆောင်းများကလည်း ယုံကြည်တာကို ခံရသော သူဖြစ်ခဲ့တယ်။ ပါတီစွဲ မရှိသလို အခြားပါတီဦးဆောင်သူများရဲ့ လေးစားတာကို ခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ မြန်မာပြည်အတွက် မရှိမဖြစ် အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့တယ်။ မြန်မာပြည်အတွက် မျော်လင့်ချက်ဖြစ်ခဲ့တယ်။
မြန်မာတိုင်းဝမ်းနည်းရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ မှာ အဲဒီ ကျွန်တော်တို့ခေါင်းဆောင်ဟာ ယုတ်မာလှတဲ့လူတစုရဲ့ လုပ်ကြံတာကိုခံရပြန်တယ်။ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရခဲ့သော်ငြားလည်း ယုံကြည်နိုင်တဲ့၊ စုစည်းနိုင်တဲ့ ခေါင်းဆောင်မရှိတော့တာကြောင့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်၊ တိုင်းပြည်အင်အားနည်းလာတော့ ကျူးကျော်လာတဲ့ ပြည်ပဒဏ်၊ အရည်အချင်း နည်းပါးသူတွေ အုပ်ချုပ်ခဲ့ကြသည့်အတွက် ဆင်းရဲခြင်းဒဏ်၊ အာဏာရှင်များ၏ အုပ်ချုပ်မှုဒဏ်၊ ဖိနှိပ်မှုဒဏ် စသည်ဖြင့် ခါးစည်းခံစားခဲ့ရတယ်။
အဆုံးရလဒ်အနေနဲ့ကတော့ မြန်မာပြည်ဟာ အင်္ဂလိပ်အောက်လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း အလွန်ဆင်းရဲသော နိုင်ငံအဖြစ် ရောက်ရှိသွားခြင်းပဲ။ မြန်မာလူမျိုးတွေဟာ သနားစရာကောင်းတဲ့လူမျိုးတွေအဖြစ် ဆက်ဆံခံလာရတော့တာပဲ။ ချစ်စရာကောင်းလွန်းတဲ့ ဓလေ့စရိုက်တွေ၊ မြန်မာဟေးလို့ ထွန်းလင်းခဲ့တဲ့ သမိုင်းကြောင်းတွေ၊ ရဲရင့်ထက်မြတ်မှုတွေဟာ ဆင်းရဲ့မွဲတေမှု၊ အကျင့်ဖျက်ခံရမှု၊ ဖိနှိပ်ခံရမှုတွေကြားမှာ တိမ်မြုတ်ပျောက်ကွယ်လာတယ်။ ဒါအပြင် ယနေ့အခါမှာ မြန်မာဆိုတာ ဂုဏ်ယူစရာ မရှိသလောက် နိုင်ငံတကာမှာ မျက်နှာငယ်နေရတဲ့အဖြစ်ပါပဲ။ မြန်မာနိုင်ငံဆိုတာ ဆင်းရဲလွန်းတဲ့ နိုင်ငံ၊ ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်တဲ့နိုင်ငံ၊ သောက်သုံးမကျသူတွေ အုပ်ချုပ်တဲ့နိုင်ငံ (သောက်သုံးမကျသူတွေ အုပ်ချုပ်မှတော့ သောက်သုံးမကျတဲ့လူမျိုးလို့ပဲ ထင်ခံရမှာပဲ။) မြန်မာလူမျိုးဆိုတာ တုံးအတဲ့လူမျိုး၊ ဘယ်သူမှ အထင်မကြီးတဲ့လူမျိုး။ အဲဒီလို အောက်ကျနောက်ကျ နိုင်ငံဖြစ်လာပါတယ်။
ကျွန်တော်တို့တတွေ မြန်မာ့သမိုင်းကိုလေ့လာမိကြတဲ့အခါ၊ ဆွေးနွေးမိကြတဲ့အခါတိုင်းမှာ မကြာခဏ 'အကယ်၍' ဆိုတဲ့ စကားလုံးကို ပြောဖြစ်ခဲ့ကြတယ်။ အကယ်၍ ကနောင်မင်းသားသာ လုပ်ကြုံခံရပြီး အသက်မဆုံးရှုံးခဲ့ဘူးဆိုရင်၊ အင်္ဂလိပ်တွေဟာ ငါတို့နိုင်ငံကို သိမ်ပိုက်ချင်မှ သိမ်းပိုက်နိုင်မယ်။ ခေါင်းဆောင်ဟာ အခရာပါပဲ။ ခေါင်းဆောင်ပြောင်းသွားတာနဲ့ အရာအားလုံးဟာ ပြောင်းလည်းသွားတော့တာပဲ။ သိမ်းပိုက်နိုင်မည်ထားဦးတော့ ဒီမင်းသားလက်ထက်မှာ ဖြစ်ချင်မှဖြစ်မယ်။ ဒီလောက် မြန်ဆန်ချင်မှ မြန်ဆန်ခဲ့မယ်။ ဒီလောက် လွယ်ကူချင်မှ လွယ်ကူခဲ့မယ်။ (ဘာလိုလဲလည်းဆိုတော့ ဧရာဝတီမြစ်ကြောင်းတလျှောက်က အင်းဝ၊ သပြေတန်း စတဲ့ ဗမာသီပေါဘုရင်ရဲ ့ ခံတပ်တွေဟာ မခုခံလိုက်ရပဲ လက်နက်ချခဲ့ရပါတယ်။)
ဒီလိုပါပဲ။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရဘူးဆိုရင် မြန်မာနိုင်ငံတော်ရဲ ့ ပြည်တွင်းစစ်မီးဟာ ဒီလောက် ကြီးမားကျယ်ပြန့်ချင်မှ ကျယ်ပြန့်မယ်။ တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲမှု၊ စည်းလုံးမှုပြိုကွဲမှုတွေဟာ ဖြစ်ပေါ်လာမယ် မဟုတ်ဘူး။ နေဝင်းလည်း အာဏာ သိမ်းဖို့ အကြောင်းဖန်တီးလာနိုင်မှမဟုတ်ဘူး။ ခေါင်းဆောင်ကောင်းရဲ ့ဦးဆောင်မှုနောက်မှာ တိုင်းသူပြည်သားတွေရှိနေတဲ့အတွက် တိုင်းပြည်ဟာ တိုးတက်စည်ပင်နေမှာပဲ။ အနှိမ်ဆုံးအဆင့်အနေနဲ့ အာရှမှတော့ မြန်မာဆိုရင် လေးစားခံရတဲ့အနိုင်ငံဖြစ်မှာပဲ။ ဒီလို အောက်ကျနောက်ကျ နိုင်ငံဖြစ်လာမှာ မဟုတ်ဘူး။ တခြားနိုင်ငံသားတွေရဲ ့ အထင်သေးခြင်းလည်း ခံရမှာမဟုတ်ဘူး။ ပြည်သူပြည်သားတွေလည်း ဆင်းရဲ ့တွင်းနက်နေမှာ မဟုတ်ဘူး။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့ရင်...။
အဲဒီလို ကျွန်တော်တို့တတွေဟာ အကယ်၍ ဆိုပြီးတော့ ဝမ်းနည်းစွာ၊ တမ်းတစွာ၊ အားမလို အားမရဖြစ်စွာ ရွှေပြည်တော်ကို စိတ်ကူးနဲ့ အကောင်အထည်ဖော်ပြီး ပြောခဲ့ကြရတယ်။ မျော်လင့်ခဲ့ကြတယ်။ အဲဒီခေါင်းဆောင်တွေသာ ရှိခဲ့ရင် ကျွန်တော်တို့မျှော်လင့်တဲ့ ရွှေပြည်ဟာလည်း အမှန်တကယ်ဖြစ်လာမယ်ဆိုတာ ယုံမှားစရာမရှိဘူး။ ဒါပေမယ့် လက်တွေမှာတော့ တိုင်းပြည်ဟာ ရစရာမရှိအောင်ပျက်စီးနေခဲ့တယ်။ ဖျက်ဆီးခံနေရတယ်။
ဒါဟာ ဘာကိုပြတာလဲဆိုတော့ ကျွန်တော်တို့တတွေဟာ အရေးအကြီးဆုံး အချိန်တွေမှာ အရေးအကြီးဆုံး ခေါင်းဆောင်ကောင်းတွေကို လက်လွတ်ရခြင်းရဲ ့ကြီးမားတဲ့ ဆုံးရှုံးမုတန်ဖိုးကို ပြတာပါပဲ။ ဒီအဆုံးအရှုံးဟာ လက်ရှိပြသာနာတွေရဲ ့အဓိကကျတဲ့ အချက်တချက်ပဲဖြစ်ပါတယ်။
ဒီနေ့ဒီအချိန်အခါမှာ မြန်မာပြည်သူတွေဟာ ဒီလိုမျိုးပြောရမဲ့အဖြစ်ကို နောက်ထပ်တကြိမ်ရောက်ရှိရင်ဆိုင် နေရတယ််ဆိုတာကို သတိထားမိကြပါ။ ကျွန်တော်တို့လူထုတရပ်လုံးက လေးစားတဲ့၊ ချစ်မြတ်နိုးတဲ့၊ ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်၊ ကမ္ဘာတဝန်းလုံးက ယုံကြည်လေးစားအားထားရတဲ့ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ထိန်းသိမ်းခံရပါတော့မယ်။ သူအထိန်းအသိမ်းခံရခြင်းဟာ မြန်မာပြည်အတွက် အလွန်နှစ်နာစေပါတယ်။ လက်ရှိအချိန်အထိ ဒီခေါင်းဆောင်သာလျှင် တိုင်ပြည်တိုးတက်ရေးအတွက် မရှိမဖြစ်တဲ့ ပြည်သူအားလုံးရဲ ့၊ တိုင်းရင်းသားအားလုံးရဲ ့စည်းလုံးမှုကို ရအောင်လုပ်ပေးနိုင်တဲ့ တဦးတည်းသောသူ ဖြစ်တယ်။ အကြောင်းကောင်းလို့ မြန်မာနိုင်ငံဟာ အာဏာရှင်အောက်က လွတ်မြှောက်သွားသည်ထားဦးတော့၊ လက်ရှိအနေအထားအထိ သူမရှိရင် ကျန်သူတွေ မဖြေရှင်းနိုင်တဲ့ ပြသာနာတွေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ရမှာပဲ။ အဲဒီ ပြသာနာတွေဟာ မြန်မာပြည်ကို ဒုက္ခတွင်းထဲ ပြန်ခေါ်မယ့်ပြသာနာတွေကြည့်ပါပဲ။ ဒါကြောင့် ဒီခေါင်းဆောင်ကို ထောင်ထဲမှာ နောင် ၅ နှစ်လောက် ထိန်းသိမ်းခံရမယ်ဆိုရင်၊ အဲဒီလိုထိန်းသိမ်းခံရရင်းနဲ့ အဲဒီကာလအတွင်းမှာ ကွယ်လွန်သွားခဲ့ရင် အလွန့်အလွန်ကိုကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ကို မြန်မာတွေရရှိခြင်းပဲဖြစ်မယ်။ ဒီလိုခေါင်းဆောင်ကောင်းတယောက်ထပ်ရဖို့ နောက်ထပ်နှစ်ဘယ်လောက်စောင့်ရဦးမယ်ဆိုတာ မပြောနိုင်ဘူး။
ထိုသို့သာ ဖြစ်ခဲ့မယ်ဆိုရင် နောင်းခေတ် ကျွန်တော်တို့မျိုးဆက်တွေဟာ ကျွန်တော်တို့လိုပဲ ‘အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ…’ ဆိုပြီးတော့ ဆက်လက်ပြောဆိုနေရပါတော့မယ်။ ဒါဆိုရင်တော့ ‘ပြည်သူလူထုဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရတရပ်ကို ရရှိတယ်’ ဆိုတဲ့ စကားတိုင်း ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ဒီစစ်အာဏာရှင်တစုရဲ ့အုပ်ချုပ်ခြင်းကို ခံရတော့မှာပဲဖြစ်တယ်။ ကျွန်တော်တို့မှာ စုစုစည်းစည်းနဲ့ တားဆီးနိုင်ဖို့ အခွင့်အရေးရှိခဲ့လျှက်နဲ့ အကျိုးရှိစွာ အသုံးမချနိုင်ခဲ့တဲ့၊ အသုံးမကျတဲ့ လူမျိုးအဖြစ် သတ်မှတ်ခံရတော့မှာပဲဖြစ်တယ်။ ရဲရင့်ရမယ့်အချိန်မှာ မရဲရင့်တဲ့လူမျိုး။ စည်းလုံးရမယ်အချိန်မှာ မစည်းလုံးတဲ့လူမျိုး။ အကြောက်တရားတွေ ကြီးစိုးနေတဲ့လူမျိုး။ လွတ်လပ်ခြင်းနဲ့ မထိုက်တန်တဲ့လူမျိုး။ကိုယ်ကျိုးကြည့်တဲ့လူမျိုး။ မြန်မာဆိုတာ အဲဒီလို သောက်သုံးမကျတဲ့လူမျိုးအဖြစ် သတ်မှတ်ခံရမယ်။
ဒေါ်အောင်ဆန်းစုကြည်သာ ထောင်ချခံရပြီး၊ ပြည်သူအများစုသာ လက်ပိုက်ထိုင်ကြည်နေမယ်၊ နှုတ်ကနေ စုတ်တသပ်သပ်ဖြစ်နေမယ်ဆိုရင်တော့ အသုံးမကျတဲ့လူမျိုးဆိုတာ ငြင်းစရာမရှိ လက်ခံရတော့မှာပဲ။
အဲဒီလိုတွေ မသတ်မှတ်ခံရဖို့ ဒီဖြစ်ရပ်တွေကို တားဆီးရမယ်အချိန်ဖြစ်တယ်။ ဇာတိမာန်ဆိုတာကို မြန်မာတွေ ပြန်လည်ဆုပ်ကိုင်ရတော့မယ်အချိန်ဖြစ်တယ်။ မြန်မာတွေဟာ ကျွန်စိတ်နဲ့ နေထိုင်တာမဟုတ်ဘူး။ သခင်စိတ်နဲ့နေထိုင်တဲ့လူမျိုးဆိုတာကို ပြန်လည်ပြသရတော့မယ်အချိန်ဖြစ်တယ်။ မြန်မာဆိုတာ မဟုတ်မမှန်တရားကို ခေါင်းငုံ့ခံတက်တဲ့လူမျိုး မဟုတ်ဘူးဆိုတာကို သိရှိစေရမယ်။ စည်းလုံးတဲ့လူမျိုးဆိုတာကို မျက်မြင်ကိုယ်တွေ့ဖြစ်စေရမယ်။ လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကိုတည်ဆောက်ဖို့ သဘောထားကြီးခြင်း၊ အသိညဏ်ရှိခြင်း၊ ရဲရင့်ခြင်း၊ စည်းလုံးခြင်းတွေကို မြန်မာပြည်သူတွေ ပြသရမယ်အချိန်ကောင်းပဲဖြစ်တယ်။
===================================================================
Thursday, May 28, 2009
Subscribe to:
Post Comments (Atom)
2 comments:
အချက်အလက်ကော သုံးသပ်တင်ပြထားတာ ပါ သိပ်ကောင်းပါတယ်။ အားပေးပါတယ်။
လာလည်တာလား။မျက်စိလည်ပီး ရောက်လာတာလား။ :)
Post a Comment