နိဒါန်း။
နေပူပူအောက်က ဘောလုံးကွင်းအတွင်းမှာ ရောက်နေခြင်းဖြစ်သည်။
နှစ်ဖက်အသင်းသားများ နေရာယူကာ စတင်ကန်ကြလေသည်။ ကန်နေရင်းနှင့် ပထမဂိုးကို ရှူးလိုက်မိချိန်မှ သတိထားမိလိုက်သည်မှာ တဖက်အသင်းသားများသည် သီလရှင်များဖြစ်နေကြသည်။ တော်တော်အံ့သြသွားသည်။ သီလရှင်များက ဘောလုံးကောင်းကောင်း မကန်တက်ကြ။ တဖုန်းဖုန်းနဲ့ ရှူးခံနေရသည်။ ဒီဖက် အသင်းသားများက တဂိုးရှူးလိုက် လှောင်လိုက်ကြ၊ ပြောင်လိုက်ကြ လုပ်နေကြသည်။ ဘယ်နှစ်ဂိုးရှိနေပြီလည်းပင် မမှတ်မိ။ စိတ်တော့ မကောင်းမိသလို ခံစားရသည်။ ဒီလိုနှင့် ရုတ်တရက် အမှောင်ကြီးကျလာကာ ကောင်းကင်က မိုးကြိုးပစ်ချသည်။ ဘောလုံးကွင်းအတွင်းမှ မြေကြီးများလည်း အက်ကွဲကြောင်းများပေါ်လာသည်။ အားနည်းသူသီလရှင်တွေကို အနိုင်ကျင့် လှောင်ပြောင်သည့်အတွက် မြေမျိုခြင်း၊ မိုးကြိုးပစ်ခြင်းခံရမည်ဟု၏။ မည်သူက စပြောသည်မသိပါ။ လူတွေ ကြောက်လန့်တကြား အော်ကြသည်။ ဦးတည်ရာသို့ စွက်အတင်းကာရော ပြေးကြသည်။ မြေကြီးများ စတင်ပြိုကျသည်။ လူများလည်း ဒရောသောပါးလိမ့်ကျကုန်သည်။ ကြောက်ရွံခြင်းကြီးစွာနဲ့အော်သံ၊ မြေပြိုသံ၊ မိုးကြိုးပစ်သံတို့ဖြင့် မြင်မြင်သမျှ ဝုန်းဒိုင်းကြဲနေလေတော့သည်။
ဘာမှတွေးမနေနှင့်။
ကိုယ့်ကိုကိုယ် သတိပေးရင်း စတင်ပြေးလေတော့သည်။ ဘေးတွင် သီလရှင်မလေး နှစ်ယောက်လည်း ပါလာသည်။ ပြုံးပြလိုက်ပြီး ပြေးနိုင်မှလွတ်မယ်လို့အားပေးရင်း ကြုံးရုန်းပြေးကြသည်။ နောက်ပေ ၃၀ ခန့်အကွာနောက်မှ မြေပြိုခြင်းက တောက်လျှောက်လိုက်နေသည်။ ပြေးနေရင်းနှင့်ပင် မြေပြိုသည်က တဖြည်းဖြည်း နီးကပ်လာသည်။ နောက်လှည့်ကြည့်ရင်းတွေးမိသည်။ လွတ်ပါတော့မလား။ နောက်နားက လက်ခြင်းချိတ်ပြီးပြေးနေကြသော သီလရှင်မလေးနှစ်ယောက်ကို လက်လှမ်းဆွဲလိုက်ကာ အားကုန်ထည့်ပြီးဆွဲပြေးသည်။ ဘယ်နားရောက်လျှင် လွတ်မည်လဲ။ အဖြေမရှိ။ ပြေးစရာရှိတာပြေး။ သီလရှင်မလေး နှစ်ယောက်လည်း ဒရွတ်တိုက်ပြေးရင်း ပါလာသည်။ မြေပြိုသံက နောက်ကျောပြင်နားကို တဖြည်းဖြည်း ကပ်လာနေသည်ကို ခံစားနေရသည်။ နောက်ဆုံး ဆူည့ံသံတွေကြားမှာ အရာအားလုံး မည်းမှောင် လွှင့်ပျောက်သွားတော့သည်။
အားလုံးပြီးသွားပြီဟု အသိဝင်လာတော့ ခေါင်းထောင်ကြည့်လိုက်မိသည်။ ကုန်းမြေဖြစ်ခဲ့သော နေရာဒေသများအားလုံး ဘယ်ရောက်ကုန်ပြီလဲ။ အဆုံးမရှိသော ပင်လယ်ကြီးကိုသာ မြင်ရသည်။ ဟိုနားမနီးမဝေးမှာတော့ အနည်းငယ်ကြီးသော ကျွန်းလေးတစ်ခု။ ဒါဆို မသေသေးဘူး။ အားယူထလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ကျူပင်တွေနှင့် ပြည့်နေသည့် ကျွန်းသေးသေးလေးတစ်ခု၏ တောင်ချွှန်းပေါ်တွင် ရောက်နေခြင်းဖြစ်သည်။ ဘေးနားတွင်လည်း လက်ဆွဲပြေးခဲ့သော သီလရှင်မလေး နှစ်ယောက် မေ့လှဲကျနေကြသည်။ အသက်ရှူနေကြသေးတော့ သူတို့လည်း မသေကြသေး။ ကျောက်နံရံကိုမှီပြီး ထိုင်နားနေလိုက်သည်။
ရေ။ ရေဆာသည်။ တောင်အောက်ဆင်း ရှာသည်။ အနည်းငယ်ခပ်ယူလာပြီး တောင်ပေါ်တက်လာတော့ သီလရှင်မလေးနှစ်ယောက်လည်း ပင်လယ်ပြင်ကြီးကိုကြည့်ပြီး အံ့သြနေကြသည်။ သူတို့လည်း အသက်ရှင်နေကြသေးတော့ ဝမ်းသာကြသည်။ ရေပေးလိုက်တော့ သူတို့နှစ်ယောက် အငမ်းမရသောက်ကြသည်။ ညစ်ပတ်ပေရေနေသောဝတ်ရုံနှင့် မျက်နှာများက သူတို့အလှကို မဖျက်ဆီးနိုင်။ သူတို့တွင် ကြည်နေသောမျက်လုံးများနှင့် ရိုးရှင်းသော အလှကို တွေ့ရသည်။ မျက်နှာကိုလွှဲလိုက်ပြီး ဘာလုပ်ရမည်ကို စဉ်းစားသည်။
ဟိုးမနီးမဝေးက ကျွန်းကြီးကို ကြည့်ရင်း ဒီကျွန်းလေးက သေးကြောင်း၊ တကျွန်းလုံး ကျူပင်တွေနှင့် ပြည့်နေကြောင်း၊ ကျွန်းကြီးဆီကို လှေလုပ်ပြီး သွားမှသာလျှင် အဆင်ပြေမည့်အကြောင်းတွေကို သီလရှင်မလေးနှစ်ယောက်ကို ပြောပြရသည်။ သူတို့နှစ်ယောက်က ဘာလုပ်လုပ် နောက်ကလိုက်လုပ်ကြမည့်ပုံပင်။ ဒီလိုနှင့် ကျူပင်တွေကိုသုံးပြီး လှေဆောက်ကြသည်။
ထိုအချိန်တွင် လှေတစီး ဒီကျွန်းဖက်ဆီ လှော်ခက်လာသည်ကို မြင်ရသည်။ လှေပေါ်တွင် ခြေသလုံးအကျပ် ဘောင်းဘီကို ဝတ်ထားသော ရှေးခတ်အင်္ဂလိပ်လူမျိုး တစ်ယောက်နှင့် အခြားဝေခွဲမရနိုင်သော လူတစ်ယောက်တို့ လိုက်ပါလာသည်။ သူတို ့လည်း ကျွန်းကြီးဆီသွားကြမလို့ဟု ပြောကြသည်။ လမ်းကြုံရင်လိုက်ခဲ့ဟု ဖိတ်ခေါ်သည်။ ဒါမျိုး မငြင်းကောင်း။ ဆောက်လက်စလှေကို ထားခဲ့ပြီး သူတို့နှင့်အတူလိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် စုစုပေါင်း ၅ ယောက်သား ကျွန်းကြီးဆီသို့ ဦးတည် လှော်ခဲ့ကြတော့သည်။
ကျွန်းက လှပလွန်းလှသည်။ ရေစပ်မှ တောက်လျှောက်တက်သွားသော ကုန်းမြင့်မြင့်လေး တလျှောက် အုတ်လေးခါးလေးရှိလေသည်။ မထင်မှတ်စရာပင်။ ထိုလေခါး၏ အဆုံးတွင် အဆောင်ဆောင်တို့ဖြင့် တည်ဆောက်ထားသော အိမ်ရှိသည်။ ရှေးဟောင်း အင်္ဂလိပ်လူမျိုးကြီးက ဒီအဆောင်တွေထဲတွင် အလွန်အစွမ်းထက်သာ ရှားပါး ဓါးတစ်ချောင်းရှိသည်။ သူက အဲဒါကိုလာရှာခြင်းဖြစ်ကြောင့် ပြောပြသည်။ လှေကားထစ်တွေကို တက်ရင်း ဓါးအကြောင်း ပြောဖြစ်သည်။ ထိုဓါးသည် အလွန်အစွမ်းထက်ကြောင်း နားလည်လိုက်သည်။
အိမ်နားရောက်ခါနီးတွင် သီလရှင်မလေးနှစ်ယောက်နှင့် အင်္ဂလိပ်ကြီးရဲ ့နောက်လိုက်ကို အပြင်မှစောင့်ရန်မှာခဲ့ပြီး အိမ်ထဲဝင်သည်။ ဓါးကို နှစ်ယောက်ခွဲရှာကြသည်။ နောက်ဆုံး ကျောက်နံရံ အံ့ဝှက်ထဲတွင် သိမ်းထားသော ဓါးကို ရလေသည်။ သံကျေးတက်နေသော ဓါးကို ကိုင်သွယ်ပွတ်သပ်ကြည့်နေတုန်း အင်္ဂလိပ်ကြီးက သူ၏ ရှေးဟောင်းတလုံးထိုးသေနပ်ဖြင့် ချိန်ကာ ဓါးပေးရန်တောင်းဆိုလေသည်။ ဒီဓါးသည် ကိုယ်ရသည်ဖြစ်၍ မပေးနိုင်။ ထိုဓါးဖြင့် ပြန်ချရန်လုပ်မိသည်။ ထူးဆန်းစွာပင် အင်္ဂလိပ်ကြီးက ကြောက်သွားကာ မင်းနဲ့ထိုက်တန်လို့ရတာ။ ငါ မယူဝံ့ဘူးဟု ပြောရင်း ထွက်သွားလေသည်။
အပြင်ပြန်ထွက်လာသောအခါ သီလရှင်မလေးနှစ်ယောက်လည်းမရှိတော့။ ဒီလိုနှင့် နေ ့မြင် မိုးချုပ် ဦးတည်ရာမဲ့လျှောက်သွားခဲ့သည်။ ဘယ်ဒေသတွေ ရောက်နေမှန်းလည်း မသိ။
တညနေ နေဝင်ရိုးရီမိုးချုပ်ခါစအချိန်တွင် သစ်ပင်အောက်မှာမီးဖိုနေရင်း ကောင်မလေးသုံးယောက် တည့်တည့်လျှောက်လာသည်။ ရှေဆုံးက မျက်နှာကို ပါ၀ါပါးလေးလေးဖုံးထားသော ကောင်မလေးက အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ကျန်နှစ်ယောက်က အနီရောင်ကို ဝတ်ထားသည်။ ဘာလုပ်ရမှန်းမသိတော့ ခပ်အေးအေးပဲ ထိုင်ကြည့်နေမိသည်။ သူတို့ဘာလုပ်မည်မှန်းလည်း မသိကိုး။ ခြေလှမ်း ဆယ်လှမ်းအကွာလောက်တွင် ရပ်သွားကြပြီး ၀ိုင်းကြည့်နေကြသည်။ ထိုင်လေဟု ဖိတ်ခေါ်မိတော့ ထိုကောင်မလေးက ရယ်လေသည်။ ပြီးတော့ ကပြမယ် ကြည့်မလားဟု မေးလာသည်။ မိန်းကလေးတယောက်ကပြတယ်ဆိုတာ ကြည့်ကောင်းတဲ့ ကိစ္စပဲ။ ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။
ကသည်။ အဲဒီကောင်မလေး ကသည်။ ပြီးတော့ သူ့နောက်က နှစ်ယောက်လည်းလိုက်ကသည်။ တော်တော်လှသည်။ တသက်လုံးတွင် အကောင်းဆုံးအက၊ ဆွဲဆောင်မှုအရှိဆုံးအက၊ မမေ့နိုင်တော့မည့်အက ကို မြင်ဖူးခြင်းဖြစ်သည်။ ရင်ခုန်ဖို့ မေ့လျှော့နေသည်။ ကောင်မလေးက မျက်နှာပေါ်က ပဝါပါးပါးကို ဖယ်လိုက်တော့ လှပလွန်းသည်။ ဝတ်ရုံတွေ လွင့်နေသည်။ လက်တွေဝဲနေသည်။ ကိုယ်ခန္ဒာတွေ လုပ်ရှား ယိမ်းနွဲ့နေသည်။ မျက်နှာပေး ကောင်းလွန်းသည်။ ခြေထောက်တွေ ပျော့ပြောင်းသည်။ နောက်က ကောင်မလေးနှစ်ယောက် ရပ်လိုက်သည်။ ဘယ်နှပတ်မှန်းမသိ ခန္ဒာကိုယ်ကို လှည့်ပတ်ပြီးတော့ သူလည်း ရပ်လိုက်သည်။ ရင်ထဲတွင် မောလျှ ကျေနပ်နေသလိုပင်။ သူတို့အကတွင် အငိုက်မိသွားသည်။
နောက်က ကောင်မလေးနှစ်ယောက် ဘယ်ထွက်သွားမှန်းမသိလိုက်။ အဖြူရောင်ဝတ်စုံနှင့် ကောင်မလေးသာကျန်ခဲ့သည်။ သူက ထိုင်ရာမှမထမိ။ အံ့အားသင့်နေတုန်းပင်။ ထိုအခိုက် ကောင်မလေးက ကြည်ပြုံးနေသောမျက်လုံးများနှင့် ရင်ဝတ်လွှာကို ဆွဲခွာချလိုက်သည်။...........။
==============++++++++++++++++++++++++++++==========================
အခန်း(၁)။
အဲဒါ ဇာတ်လမ်းအစအဆုံးဖြစ်သည်။ ရေကန်ဘေးမှာ ရေခွက်ကိုကိုင်ပြီး ဦးနှောက်နှင့် မှတ်ညဏ်ကို သူအကြီးအကျယ် အလုပ်ပေးနေသည်။ မျက်နှာသစ်ဖို့ပင် သတိမရသလို။ ညက အိမ်မက်ထဲတွင် ကောင်မလေး ရင်ဝတ်လွှာကျသွားချိန် သူဘာမှ မမြင်ခဲ့ရ။ အိမ်ယာမှ လန့်နိုးလာသည်လည်း မဟုတ်ဘဲနှင့် အိမ်မက်က မှောင်သွားကာ ပြီးဆုံးခဲ့သည်။ လုံးလုံးမကျေနပ်မိ။ လန့်နိုးလာသည်ဆိုလည်း ထားဦး။ အခုတော့။ ဘယ်လောက်ပင် စဉ်းစားစဉ်းစား ဒါပဲ ဖြစ်သည်။ ကောင်မလေး ရင်လွှာလျှောချလိုက်သည်။ ပြီးတော့ ချက်ခြင်းလိုလို မှောင်သွားက အိမ်မက် ပြီးသွားသည်။ ဒီထက်မပိုတော့။
ဇာတ်သိမ်း။
ဒီလိုနှင့် အဲဒီမနက်က လက်ဘက်ရည်ဆိုင်သို့သာ ရူးသိုးသိုးနှင့် ထွက်ခဲ့မိတော့သည်။
-----------
နတ်ဆိုး
5/1/09
Subscribe to:
Post Comments (Atom)
2 comments:
့ဘာတွေများ ရေးပါလိမ့်လို့...။ :D
ဟီး..
စိတ်ကူးပေါက်ရာ နဲ့ အိမ်မက်နဲ့.. ရောသမထားတာ။ :P
Post a Comment