တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရသည်ဟု ဆိုကြသည်။ တချို ့ကလည်း တစ်ပဲရသည်ဟု ဆိုပြန်သည်။ ဆရာကြီး (၀ါ) လူတက်ကြီးလုပ်ချင်လျှင်တော့ ဘယ်သချင်္ာမျိုးနဲ ့ ပေါင်းပြရမှာလည်းဆို ခပ်ဝင့်ဝင့်လေး မေးကြနိုင်သည်။ တကယ်တော့ အခု တစ်နှင့်တစ် ပေါင်းလို့မရတာာချည့်ပဲ မြင်နေရခြင်းဖြစ်သည်။ သူတို့သည် သီးခြားစီ “တစ်” နေကြသည်။ မပေါင်းကြပါ။ ငယ်ငယ်တုန်းကတော့ တစ်နှင့် တစ်ပေါင်းခြင်းလည် လွယ်ကူလွန်းသည်ဟု ထင်ခဲ့သည်။ အတန်းထဲမှ ဆရာမကသော်လည်းကောင်း၊ ထမင်းစားဆင်း စစ်တိုက်တန်းကစားသည့် အခါတွင် သူငယ်ချင်းများကသော်လည်းကောင်း တစ် များပေါင်းစည်းဖို ့ အလွယ်တကူ ဖြစ်ခဲ့လေသည်။ နှာရည်များကို လက်ဖြင့်သုပ်၍ ကျောင်းလွယ်အိပ်ကို စာအုပ်အပြည့်အသိပ်ဖြင့်လွယ်လာသော ကလေးငယ်များသည် တစ်မျာကို ကောင်းစွာပေါင်းတက်ခဲ့သည်။ သံပရာပေါင်း တစ်ချောင်းကို ၀ိုင်းစုပ်ကြရင် တစ်များကိုပေါင်းခဲ့သည်။ ကျောင်းအဆင်း လက်ဆွဲပြေးကြရင်း တစ်များကိုပေါင်းခဲ့ကြသည်။ ဆရာမရိုက်တာကို တစ်ယောက်မျာနှာတစ်ယောက် ကြည့်ရယ်ရင်း တစ်များကို ပေါင်းခဲ့ကြသည်။ ထိုကြောင့် ကျောင်းဝင်းသည် ပျော်စရာနေရာဒေသ ဖြစ်ခဲ့သည်။ အသက်ကြီးလာသောအခါ နေထိုင်ရာအရပ််သည် နေစရာကောင်းသည်ဟု လက်ခံယူဆသူကို ရှာဖွေချင်ခဲ့ပါသည်။တက်ဖက်တွင် နေချင့်စဖွယ်လုပ်မည်ဟု အာမဘန္တဒေခံသူများ၊ ကြွေးကြော်နေသူများ၊ လုပ်ကိုင်နေသည်များကို တွေ ့ခဲ့သည်။ ထိုသူများသည် တစ်များကို ပေါင်းတက်ဖို ့တော့လိုလိမ့်မည်။ ရိုးရှင်းသော ဒီပေါင်းခြင်းကို သူတို ့တက်မြှောက်မည်ဟု ရိုးရိုးသားသားယုံကြည်ခဲ့သည်။ ယခုမူ တစ်များကို အပေါင်းမတက်သောကြောင့် တစုတစည်း၊ တစည်းတလုံး ဆိုတာတွေပင်် ပြန့်ကျဲလို ့နေကြသည်။ ဒီသံသရာသည် ဘယ်တော့ရပ်မလဲမေးဖို ့ လူလိုက်ရှာ နေခဲ့တာကြာပြီဖြစ်သည်။ ဖြေဆိုနိုင်သူကို သမိုင်းစာအုပ်ထဲတွင် တွေ ့သောအခါ၊ ခြံစုတ်စုတ်လေးအတွင်းမှာ တွေ ့ရသောအခါ၊၊ ခိုင်မာသော အုပ်ရိုးကြီးတွေအတွင်းမှာ တွေ့သောအခါ ရင်မောရတော့သည်။ မွေးခါစကလေးငယ်တစ်ဦး၊ သူကိုယ်တိုင် အခြားမွေးခါစကလေးငယ်ကို ပုခက်ဆွဲပေးနေရသည်ဆိုလျှင်၊ (၀ါ) ချစ်သူကို အနမ်းချွေပေးနေတဲ့ လူငယ်တစ်ယောက် ၊ ဆံပင်ဖြူတွေနှင့် ထုတ်ထောက်သွားနေရသည် ဆိုပါလျှင် အချိန်တွေသည် မများသေးပါဟု ဖြေဆိုမည့်သူကို တအံ့တသြကြည့့်ချင်ပါသေးသည်။ (ဝဖြိုးလာသောလူများကို မမေးပါ)။ ရိုးသားမည်ဆိုပါက၊ စွန်လွတ်မည်ဆိုပါက၊ ငါတကော မကောတော့ပါဟုဆိုပါက တစ်များပေါင်းစည်းကြစေချင်သည်။ တစ်များမပေါင်းစည်းပဲနှင့် ၊ တစ်ကွဲတစ်ပြား လုပ်နေကြခြင်းအားဖြင့်၊ တစ်ကိုယ်ကောင်းဆန် နေကြမည်ဆိုလျှင် ယုံကြည်မှုဆိုတာကို ဆုံးရုံးရလိမ့်မည်။ ထိုအခါ အရာအားလုံး အဆုံးအရှုံးဖြစ်မည်။ အသုံးမကျခြင်းသည် မှတ်တမ်းတင် ကျန်ရစ်မည်။ နောင်တချိန်မှာ နှောင်းလူတို ့ရဲ ့ နာကျင် ခေါက်ခက် တောက် ခေါက်ခြင်း မခံရကြစေနဲ ့။ ဆုတောင်းပေးပါသည်။
ဒီနေ ့ နေကောင်းကောင်းပူသည်။ လေလည်းတိုက်လေသည်။ နွေဦး ဝင်ခါနီးမို ့ထင်။
Thursday, January 15, 2009
Subscribe to:
Post Comments (Atom)
5 comments:
(၀ဖြိုးလာတဲ့လူမဟုတ်တော့ ဖြေလိုက်ဦးမည်။)
အံ့သြစရာကောင်းလှစွာပင် တစ်တို့သည် သုညများကို မျှော်နေကြလေသည်။ ပြီးလျှင်တော့ ကိုယ့်နာက်မှာ အသီးသီး နေရာချထားလိုကြလေသည်။ တစ်၏ နောက်တွင် သုညများနိုင်သလောက် များစွာ တန်းစီနေမှ တန်ဖိုးတက်မည် မဟုတ်ပါလော။ သို့သော် တစ်အားလုံးက သူများကိုသာ သုညဖြစ်စေလိုမည်။ ကိုယ်တိုင်မူ သူသူကိုယ်ကိုယ် တစ်ပဲဖြစ်လိုသည်။ တကယ်တော့ တစ်အချို့ သို့မဟုတ် တစ်အများအပြား သုညဖြစ်လာရန်အတွက် နည်းလမ်းပေါင်းများစွာရှိပါမည်။ သို့သော် တစ်အချင်းချင်းတွင် ဦးသော တစ်တစ်လုံးက နောက်တစ်တစ်ခုကို ကပ်နုတ်လိုက်သဖြင့် ဖြစ်ပေါ်သွားသော သုညမှာကား ထိုပေါင်းစည်းရေးတွင် အကျုံးမ၀င်။ တစ်နှစ်လုံး ထိပ်တိုက် ပေါက်ကွဲခြင်း သို့မဟုတ် လွင့်စင်သွားသော သုညဟုပင်ဆိုနိုင်မည်။ အနစ်နာခံခြင်း သို့မဟုတ် ကိုယ့်ကဏ္ဍကို လျှော့ချခြင်းဖြင့် တစ်တစ်ခုက တစ်ဘက်တည်း မကြည့်တော့ပဲ နောက်ပြန်လှည့်၍ နောက်တစ်တစ်ခုနှင့် ပေါင်းစည်းလိုက်ခြင်း (င+၁) သည်ကား တစ်နှစ်ခုမှ သုညဖြစ်အောင် ပေါင်းနည်း တစ်နည်း ဖြစ်နိုင်သည်။ တစ်တစ်လုံးသာ ရှေ့ဆုံးက ရပ်နေဖို့လိုပါသည်။ ဤသို့ အသီးသီး အသကအသက ပေါင်းကြသော် တစ်တစ်ခုသာ ရှေ့မှ ဦးဆောင်သော သုညများ တန်းစီနေသည့် တန်ဖိုးကြီးကြီးကို ရနိုင်သည်။ သို့သော် မည်သည့်တစ်မှ ပြောင်းပြန်မလှည့်လို။ အပေါင်းရလာဒ်အတွက် တစ်ဦးချင်း၏ ပကတိတန်ဖိုးကို မချလို။ ငယ်ငယ်က စာသင်ကျောင်းဝင်းသည်လည်း တစ်တို့ ကိုတန်းလန်းတစ်ထားသော နေရာတစ်ခု ဖြစ်လာသောအခါ ဆရာမ၊ ကျောင်းလွယ်အိပ်၊ထမင်းစားဆင်းခြင်း၊ စစ်တိုက်တန်းကစားခြင်း၊ သံပုရာပေါင်းစုပ်ခြင်း စသည့် မောင်းနှင်ချက်များသည် တစ်တို့ကိုပေါင်းရေးအတွက် အာမဘန္တေမခံနိုင်တာ့။ ထို့ကြောင့် အသက်ကြီးလာလေလေ လူတို့ ၀ဖြိုးလာလေလေ ဖြစ်သော်လည်း သုညနှင့် ခပ်ဆင်ဆင် ၀လုံးပင်ဖြစ်မလာတော့ပါ။ ကြီးသထက်ကြီးလာသော တစ်အကြီးစားများသာ ဖြစ်လာတော့သည်။ အချို့မှာလည်း ပေါင်းရမည့်အစား တစ်ချင်းချင်း မြှောက်ရင်း မြှောက်ရင်းဖြင့် တစ်မှ မတက်နိုင်တော့။ ဤသို့ဖြင့် တစ်တို့သည် သူပေါင်းနိုး ငါပေါင်းနိုးဖြင့် နောက်မှ တန်ဖိုးဖြည့်ပေးမည့် သုညကို အသီးသီး ကျိတ်မျှော်ကြရင်း တသီးတခြား ပြန့်ကျဲတစ်လစ်နေကြလေသည်။
ပိုဝလာတယ်မလား.. မညာနဲ့  မပန်.. :D ဟဲ..ဟဲ
ရှုပ်ကုန်ပြီ။ ပုံပုံလည်း မသိတော့ဘူး :D။
မသိရင် မသိဘူးလို့ မှတ်.. ပုံပုံ..
:D
ဟဲ ငါ့သူငယ်ချင်း စိတ်ဓာတ်လေး မပြောင်းသေးဘူးဘဲ ကောင်းတယ်......... ပြန်တွေ့ရင် သံပုရာပေါင်းလေး ဖြစ်ဖြစ်တော့ ၀ယ်ကျွေးပါနော်.... အဲဒီသံပုရာပေါင်းလေး နင့်ကိုတ၀က်ပြန်ကျွေးပါ့မယ်.... :P
Post a Comment