"ကော်ဖီတစ်ခွက်လောက် သောက်ရရင် ကောင်းမယ်။ "
သူ ဖတ်လက်စစာအုပ်ကို မြေကြီးပေါ်ချရင်း ပြောလိုက်သည်။ နွေလည် နေ့ခင်းက ပြင်းပြင်းထန်ထန်ပူသည်။ လေရူးက သူသာမဟုတ် လူကိုပါ ရူးအောင်လုပ်နေသလိုပင်။ မလှမ်းမကမ်းတွင် ကောင်းကင်သို့ ဆန့်ဆန့်တန်းတန်း ထွက်နေသောအပင်မှ လက်ပံပွင့် နီနီရဲရဲတို့ အုပ်စုလိုက် ကြွေနေကြသည်။ ဒီ ကုက္ကိုလ်ပင်ကတော့ အရိပ်ကောင်းကောင်း ပေးလေသည်။
အညှောင်းအညာ ဆန့်လိုက်ပြီးတော့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတပိုင်းတစကို သူ ခပ်ကျယ်ကျယ်ဆိုလိုက်သည်။ အပျင်းရောဂါ စွဲကပ်လာ မြန်စွာ ကုဖို့ပြင်၊ မကုစားပဲ အပျင်းစွဲ ငမွဲ ငနုံပင်။ ရယ်ကျဲကျဲဖြစ်နေသော မျက်နှာနှင့် ကောင်းကင်မှ လွင့်မျောနေသော တိမ်တို့ကို ကြည့်နေလိုက်သည်။
"ရန်လုံတောင် မင်းလောက်မပျင်းဘူး။ "
ဒါတော့ ဒီကောင် အတိဿယဝုတ္တိ အလင်္ကာသုံးခြင်း ဖြစ်မည်။ နိယာမ အကြောင်းများထဲတွင် ဥတုနိယာမဆိုတာ ရှိသည်။ ဥတု၏ သက်ရောက်မှုကို ခံရခြင်းဖြစ်သည်။
"ဒီလိုနေ့မျိုး မပျင်းလိုက်ရရင် လူမဟုတ်မှာ စိုးရတယ်။ ပျင်းစရာရှိရင် ပျင်းမှကွ။ နောက်ပြီး ပျင်းတဲ့လူတွေက အသိညဏ်ပိုရှိတယ်လို့ ငါထင်တယ်။"
တကယ်တော့ ရန်လုံးလည်း ပျင်းပျင်းနှင့် အိပ်ပျော်နေသည်မှာ ခြေနှစ်ချောင်းတောင် မိုးပေါ်ထောင်လို့ နေပြီ။ ဒီလို အချိန်အခါမျိုးတွင် ဘဝဆိုတာ တွေးကြည့်မိလျှင် ဘာမှ မဟုတ်တော့ သလိုပင်။ ဆန္ဒဇောများဖြင့်လုပ်ဆောင်ခဲ့သော အရာတွေသည် အဓိပ္ပါယ်မရှိတော့သလို ခံစားရသည်။
ချွေးသံရွဲရွဲနှင့် ရေခဲချောင်းသည်ကြီး စက်ဘီးနင်းလာသည်ကို မြင်တော့ သူ့ရေခဲချောင်းတွေ စားလို့ကောင်းမှာပဲဟု မဆီမဆိုင် တွေးမိသည်။ နို့အေးထုပ် နှစ်ထုပ်ဝယ်လိုက်သည်။ ရေခဲချောင်းသည်ကြီး အဝေးရောက်ပျောက်သွားပြီးမှ ရန်လုံအိပ်ရာနိုးလာကာ အမြှီးလာနန့်လေသည်။
"၂ ထုပ်ပဲရှိတာဟ။ မင်းကျွေးလိုက်။ မင်းက ရန်လုံကို ပိုချစ်တယ်။"
"ရန်လုံက မင်းနားကတောင်းနေတာပဲ။ မင်းကျွေးလိုက်ပေါ့။"
အချီအချ ငြင်းခုန်နေကြပေမယ့် ရန်လုံက မျော်လင်ချင်အပြည့် ဖြင့်မျော်ကြည့်နေဆဲ။ သူ့သခင်တွေကို ယုံပုံရသည်။ သခင်တွေကတော့ ဒီလိုနေ့လည်မျိုးမှာ ဒီနို့အေးထုပ်ကို မစွန့်လွတ်နိုင်။ သူကျွေး ငါကျွှေး ဖြင့် သခင်တွေ တွက်ကပ်နေသည်ကို ရန်လုံ သိလျှင် သူသစ္စာ စောင့်သိရသည်ကို နောင်တရနေမလားမသိ။ နို့အေးထုပ်ကို တချက်ကိုက်လိုက်တော့ ရန်လုံက သူလည်း စားချင်ကြောင်း အသံထွက်လာသည်။
"ဒီလိုလုပ် ငါတဝက်စားပြီး ကျန်တာ ရန်လုံကို ကျွေးမယ်။ မင်းလည်း တဝက်ကျွေး။ ဒါဆို အတူတူပဲ။"
"အေး ရတယ်။"
ဒီလိုနှင့် ရန်လုံက ၁ ထုပ်စားပြီး သခင်များက တဝက်ဆီစားလိုက်ကြသည်။ အာသာပြေသလိုဖြစ်သွားသော စိတ်ဆန္ဒများက နွေရာသီနေ့လည်ခင်းကို ကောင်းကောင်း ကြည့်နိုင်သွားကြသည်။ ဘေးနားမှာ ပေါက်နေသော ရိုးတံရှည်မြက်ပင်ကို ယူပြီးကိုက်နေလိုက်သည်။ သည်မြက်ပင်လေးများ တော်တော်လှသည်။
နွေရာသီ အပူရှိန်ကြောင့် မြေပြင်မှာ တံလှပ်ထသည်။ ဟိုးအဝေးဆီမှ လေတံခွန်လေး တစင်းကလည်း ဝဲလိုက်၊ ၀ိုက်လိုက် လုပ်နေသည်။ ရန်လုံကတော့ လျှာကြီးထုတ်ပြီး အသက်ပြင်းပြင်းရှူကာ အအေးခံလို့ ကောင်းတုန်း။ ကောင်းကင်ပြာပြာမှာ လေယာဉ်ပျံတစ်စီးဖြတ်သွားသည်။ အဖြူရောင် အငွေ့တန်းကြီးက လေယာဉ်နောက်တလျှောက် အရှည်လိုက်ကျန်ရစ်ခဲ့လေသည်။ မနီးမဝေးဆောက်လက်စ တိုက်ပေါ်မှာတော့ အလုပ်သမားတွေက နွေရာသီဆိုတာကို ဂရုမစိုက်အားကြ။ တခါတလေ ဖြတ်သွားသော ထော်လာဂျီသံမှလွဲ၍ လေရူးတိုက်သောကြောင့် သစ်ရွက်တွေတိုးသံသာ ထင်ထင်ရှားရှား ကြားနေရသည်။
နတ်ဆိုး
ဇန်နဝါရီ ၂၅ ၂၀၀၉
Sunday, January 25, 2009
Subscribe to:
Post Comments (Atom)
3 comments:
ပျင်းတဲ့ ရသ ကို ခံစားရတယ်။
အဲဒါ ရသကိုးပါးထဲမှာ ပါသလားဟင်။ ဘာရသ လို့ပြောမလဲ။
ကောင်းတယ် ဆက်ရေး။ အားပေးနေတယ်။ ငယ်ငယ်တုန်းက နွေရာသီ စာစီစာကုံးကို အဲလို ရေးမိရင် ကောင်းမယ်လို့ ကိုယ့်ဟာကိုယ် စဉ်းစားမိတယ်။
ပျင်းရိခြင်းမှာ
၁ သန္တရသ
၂ ၀ီရရသ
ဒီနှစ်မျိုးပါမယ်။
ပျင်းရိတဲ့ အရသာကို တိုက်ရိုက် ရသ မလုပ်တာတော့ တော်တော် ညံ့ခဲ့ကြတာပဲ။ ကျွန်တော်လို့  ငပျင်းတွေက ရသပဲ မခံစားရတော့သလိုလို.. :D
ပုံရိတ် ၁၀ တန်း မြန်မာစာ ဂုဏ်ထူးထွက်လား။။ ဒီလိုရေးရင်တော့ ရထားတဲ့ ဂုဏ်ထူး ပြန်သိမ်းသွားလိမ့်မယ်.. :P
ကောင်းအောင် မရေးတက်ပါဘူး။ တကယ်တော့ ။
Post a Comment