ဗုဒ္ဒဘုရားရှင်က သူ ငါဟု၍ မရှိ၊ ရုပ်နမ် သာရှိသည်။ သို့မဟုတ် ခန္ဒာငါးပါးသာ ရှိသည်။ စိတ် ၊ စေသတိသ် တွေ သာဖြစ်သည်။ ဒီလိုဟောကြားခဲ့သည်။ အဝိဇ္ဇာ အမှောင်များဖုံး လွှမ်းနေခြင်းကြောင့်သာ ယုံမှား ကြခြင်းဖြစ်ဟုဆိုသည်။ အကျိုးအကြောင်းဆက် စပ်ကြည့်သောအခါ မြင်မှု၊ ကြားမှု၊ ထိတွေ့မှု စသည် အာရုံ ၅ ပါး ကြောင့် နှစ်သက်ခြင်း၊ လိုချင်တက်မက်ခြင်း စသော စိတ်များ ဖြစ်လာကြသည်။ ထိုမှတဆင့် စေသတိသ်တွေ ဖြစ်သည်။ အမြင်ကြောင့် သော်လည်းကောင်း၊ အသံကို ကြားရသောကြောင့် သော်လည်းကောင်း၊ ထိတွေ့ရသောကြောင့် သော်လည်းကောင်း ဒီကောင်မလေးတော့ ငါချစ်သွားပြီ။ ဒီကောင်လေးတော့ ငါနှစ်သက်သွားပြီ စသည်ဖြင့် သညာ အားဖြင့် မှတ်သား ခေါ်ဆိုကြာသည်။ ထို သညာအားဖြင့် ခေါ်ဆိုကြသော ချစ်ခြင်းသည်လည်းကောင်း၊ မုန်းခြင်းသည်လည်းကောင်း၊ တက်မက်ခြင်းသည်လည်းကောင်း အဝိဇ္ဇာကြောင့် ငါချစ်သည်၊ ငါလိုချင်တက်မက်သည် ဟု၍ ဖြစ်လာကြရသည်။ အတ္တဟုသည် မရှိပါပဲလျှက် ရှိသည်ဟု ယုံမှားထင်မြင်လာကြသည်။ ထိုအခါ အချစ်သည်လည်းကောင်း တက်မက်ခြင်းသည်လည်းကောင်း အလွန်လွှမ်းမိုးသော အနေအထားဖြင့် လူသားတို့၏ဘဝတွင် ပါဝင်ပတ်သက်လာသည်။ ချစ်သောသူနှင့် ကွေးကွင်းရခြင်းသည် ဒုက္ခ ဟု ဆိုကြရသည်။ မရှိဟု ဆိုရမည်ဖြစ်သောလည်း မသိသူတွေများလာသော အခါ ဖြစ်လာသော အရာများကို လက်ခံ သိထားရသည်။ လေ့လာရမည်။
အာရုံအမျိုးအမျိုးပေါ်မူတည်၍ ဖြစ်ပေါ်လာသော ထိုစိတ်များသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ ချစ်သည်ဟုပင် ခေါ်စေကာမူ၊ သူချစ်သည် နှင့် ကိုယ်ချစ်သည် မတူ။ ကိုယ်ခန္ဒာပေါ် တည်၍ ဖြစ်လာသော ချစ်ခြင်းမျိုးလည်းရှိသည်။ အပြုအမူများပေါ် တည်၍ ဖြစ်လာသော ချစ်ခြင်း၊ အသံပေါ်တည်၍ ဖြစ်လာသော ချစ်ခြင်း၊ လေးစားသောကြောင့် ဖြစ်လာသော ချစ်ခြင်း၊ အနေကြာ အမြင်ကြာလာသောကြောင့် တည်လာသော ချစ်ခြင်း၊ စွမ်းရည်တခုခုကို နှစ်သက်ရာမှာ တည်လာသော ဖြစ်ခြင်း အမျိုးမျိုး အပြားပြား ရှိလေသည်။ ထိုအခါ ကွဲပြားသော အချစ်များဖြင့် ကွဲပြားသော လူတို့နားလည်လက်ခံနေထိုင်ကြသည်။ ချစ်ခြင်း၊ ထိုစိတ်သည် ယောကျ်ား ၊ မိန်းမ သဘာဝတွင်သာမဟုတ်၊ ကိုယ်နေထိုင်ခဲ့သော နေရပ်၊ တိုင်းပြည်၊ လူမျိုး စသည်တို့အပေါ်တွင်လည်း ဖြစ်လေသည်။ အလှတရားပေါ်တွင်လည်း ဖြစ်သည်။ သဘာဝတရားပေါ်တွင်လည်းဖြစ်သည်။ ပညာရပ်တစ်ခုပေါ်တွင်လည်းဖြစ်သည်။ သို့သော် သေချာသည်မှာ ထိုသို့ဖြစ်စေရန်အတွက် ခိုင်လုံသော အကြောင်းတရား များစွာ ပေါင်းစပ်ထားသည်။ လူတဦးတယောက်၏ ဆင်ခြင်နိုင်စွမ်း၊ ပင်ကို မူလ စိတ်အခံ၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်၊ တန်ဖိုးထားမှု စသည် များစွာသော အကြောင်းတရားတို့ ဖြင့်ဖွဲ့စည်းထာသည်။ ထိုအကြောင်းများ ကွဲလွဲလာသည်နှင့်အမျှ ချစ်ခြင်းဆိုသော စိတ်များလည်း ကွဲလွဲလာသည်။ ဤနည်းဖြင့် အချစ်သည် လူသားတို့အတွက် ပြောပြရန်ခက်ခဲသော အကြောင်းအရာ တစ်ခုဖြစ်လာတော့သည်။
သို့သော် နေထိုင်ရှင်သန်ကြသည်အခါ လူသားများသည် အချစ် စိတ်တခုတည်ဖြင့် နေထိုင်ကြသည်မဟုတ်။ ထို့ပြင် အချစ်စိတ်ကို ဖြစ်စေသော အကြောင်းတရားများကုန်ဆုံးသွားသောအခါ၊ နည်းပါးလာသောအခါ သို့တည်းမဟုတ် လက်မခံနိုင်တော့ သောအခါ ထို့ကြောင့်ဖြစ်လာသော အချစ်သည်လည်း လျှော့ပါးလာရသည်။ ကိုယ့်အနေအထားအလိုက် ပေါင်းစပ်ညှိယူ လက်ခံနေထိုင်မှုသည် အချစ်စိတ်လိုပင် အရေးကြီးလာသည်။ ထိုအခါ နားလည်လက်ခံနိုင်ခြင်း၊ နူညံ့သိမ်မွေ့ ခြင်း၊ သည်းခံခြင်း၊ ကောင်းမြင်တက်ခြင်း၊ အမှန်မြင်တက်ခြင်း ၊ လိုက်လျှော အလျှော့ ပေးခြင်း၊ တဦးအပေါ်တဦး ရိုးသားခြင်း စသည်တို့သည်လည်း အရေးကြီးသော ကိစ္စများဖြစ်လာသည်။ ဘဝတခုဖြစ်သဖြင့် အခြေအနေ အချိန်အခါနှင့် နေထိုင်တက်ရန် အရေးကြီးသည်။
အချစ်ဆိုသည့် ထိုစိတ်ကြောင့် ဖြစ်သော ပြသာနာများသည်လည်း နေစဉ်နေထိုင်ကြသည် ဘဝတွင် အလွန်လွှမ်းမိုးလွန်းသည်။ အများစုမှာ အဝိဇ္ဇာကြောင့်၊ မသိမှုကြောင့် ဖြစ်သည်။ အချစ်ကြီးလို့အမျက်ကြီးသည်။ ချစ်သူနှင့် ကွဲကွာသွား၍ ဘဝ၏အချိန်အတော်များများ အဓိပ္ပါယ်မရှိဖြစ်ရသည်။ အချစ်ကြောင့် အသက်ဆုံးရသည်။ အချစ်ကြောင့် စစ်ဖြစ်ရသည်။ မည်သို့ဆိုစေ မသိမှုသည် အဓိက ပြသာနာဖြစ်သည်။ တကယ်တကယ် ချစ်တက်ရန်၊ ထိုသို့သော စိတ်ဖြစ်ပေါ်ရန် အသိ လိုသည်။ အသိရှိမှ အချစ် စစ်မှန် သော စိတ်ကို ဖြစ်စေမည်။ ထိုအခါ ပူလောင်မှု နည်းစေမည်။ ချစ်ခင် စိတ်ရှိသော်လည်း စွဲလန်းမှုကို နည်းစေမည်။ ဖြစ်ပျက်နေသည်များကို သိသောအခါ ပြသာနာမှာ မကြီးကျယ်တော့။ အမှန်တကယ် ချစ်ခြင်လျှင် မှန်ကန်စွာ စိတ်သွင်းနိုင်ဖို့လိုသည်။
ယောနိသော မနသီကာရ
မှန်ကန်စွာ နှလုံးသွင်းခြင်း ဖြစ်ရမည်။ ထိုအတွက် အသိလိုသည်။ အသိရှိရန်အတွက် ၀ိရိယ နှင့် သတိလို သည်။ [ကျွန်တော်က requirement referential circle ဟုခေါ်သည်။ ]ထိုသို ့လူသားတိုင်းအတွက် ဖြစ်ရန်မှာ စိတ်ကူးမျှသာ ဖြစ်နိုင်သည်။ လူတိုင်းမကျင့်ကြံနိုင်။ ထိုအခါ လူတို့သည် ထိုပြသာနာများနှင့် ပါဝင်ပတ်သတ်နေဦးမည်သာဖြစ်သည်။ ရှောင်လွှဲ၍ မဖြစ်နိုင်။ တရားတခုအနေနှင့် လက်ခံရန်သာဖြစ်သည်။ ကိုယ် လုပ်နိုင်လျှင် လုပ်ရန်သာဖြစ်သည်။
စိတ်တခုဖြစ်တဖြင့် တရားတခုသာဖြစ်သည်။ မလွန်ဆန်နိုင်။ ဖြစ်ပေါ်သည်။ ပျောက်ပျက်မည်။ တစ်ယောက်တည်းကို ချစ်နိုင်သည်။ နှစ်ယောက်လည်း ဖြစ်နိုင်သည်။ တစ်ယောက်ကို ချစ်ပြီး နောက်တစ်ယောက် ပြောင်းချစ်သည်လည်း ဖြစ်နိုင်သည်။ ချစ်ပြီးမှ မုန်းသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ အချစ်စိတ်တစ်ခုတည်းဖြင့် မဆုံးဖြတ်သင့်။ သူမပါဝင်ပဲနှင့်လည်း မဆုံးဖြတ်သင့်။ မည်သို့ပြုမူခြင်းသည် အကောင်းဆုံးဖြစ်သည်ကိုတော့ ပိုမိုပြည်စုံလာသောတနေ့ ပိုမိုသိလာမည်။
ရှိရှိသမျှသော လူများအတွက် အချစ်ကို ဆိုရန်မှာ မည်သို့မှမဖြစ်နိုင်။ အကြောင်းတရားတို့ မတူသောကြောင့်ဖြစ်သည်။ ခက်ခဲ ရှုပ်ထွေးလွန်းသော ပုဒ်စာ မဟုတ်။ သို့သော် ကိုယ်ဖသာ သာ ဖြေရှင်း၍ ရနိုင်သည်။ အဖြေတို့သည်နီးစပ်တူညီနိုင်သည်။ ကြိုးစားကြပါလေ။ဘဝသည် အချစ်တခုတည်းနှင့် ဖွဲစည်းထားခြင်း မဟုတ်ကြောင်းကိုလည်း သတိပြုကြသင့်သည်။ အရေးကြီးသည်လည်း မဟုတ်၊ မကြီးဘူးလည်း မဟုတ်၊ အစိုးမရသော အသေ မဟုတ်သော လောကတွင် အရှင် နေထိုင်၊ တွေးတော၊ ကျင့်ကြံဖို့လိုသည်။
---
ကျွန်တော်အတွက်တော့ အချစ်သည် ပြသာနာ မဖြစ်ခဲ့။ ကိုယ်တွင် ကိုယ့်အကြိုက်ရှိသည်။ ကျွန်တော် ချစ်သော ကောင်မလေးများသည် ကျွန်တော် ကြိုက်သော အနေအထားရှိသူများသာဖြစ်မည်။ သေချာသည်။ ရုပ်ကိုသာပြောသည်မဟုတ်၊ စိတ်ပိုင်းကိုလည်းပြောသည်။ စိတ်ကို ဘယ်လိုသိသလဲဆိုသည်ကတော့ ပြောပြရန်ခက်ခဲသည်။ ကိုယ်အလေ့အကျင့် နှင့် ကိုယ်သာဖြစ်သည်။ ကျွန်တော် နှစ်သက်သော အရေအသွေး၊ စိတ်နေစိတ်ထား၊ သဘောထား၊ ရုပ်ရည် ရှိသူများကို သာ ချစ်ခြင်းဆိုတဲ့ စိတ်ဖြစ်ပေါ်သည်။ ချောမောလှပခြင်းသည် ကျွန်တော့်အတွက် ကြည့်လိုစိတ်ရှိသော်လည်း ချစ်လိုစိတ် ဖြစ်ဖို့မသေချာ။ ချောသော်လည်း မချစ်ဖြစ်သည်ကိုတွေ့ခဲ့သည်။ ကျွန်တော် ချစ်သော ကောင်းမလေးသည် ကျွန်တော်ကို ပြန်ချစ်မည်ဆိုတာကို လည်း အသေအချာ ယုံသည်။ (မချစ်ဘူးဆိုရင်လည်း မတက်နိုင်ဘူးပေါ့လေ) :P
နတ်ဆိုး။
(အဒေါ်ကြီး ၀၀ ပန်ဒိုယာ တက်လို့ ရေးရတာ ဖြစ်သည်။)
Saturday, November 1, 2008
Subscribe to:
Post Comments (Atom)
8 comments:
ဟင် ဒါလားဟဲ့ အချစ်အကြောင်း ။ တောထွက်တော့များလားလို့ အဟား ။
အလဲ့ ဒါကတော့ တမျိုးဟ...ခုတလော တရားတွေ ကျနေတယ် ထင်တယ်နော်...
ဟယ် .... နတ်ဆိုးပါးစပ်က အဲ.. ကီးဘုတ်က ဒီစာမျိုးတွေ ထွက်သလား..
ဒီလောက်လည်း အလေးအနက် မလုပ်နဲ့လေ..
ဘာ ၀၀ လဲ..။ အသရေဖျက်မှုနော်. သတိထား ဟမ်း...။
ဟိ... ဘယ်တော ထွက်ရမှာလဲ ရဲဘော်ရ..
တကယ်တော့ ဟိုကဗျာလို ... "သူလည်းလေ လောကီသားပေမို့ ".. အဟဲ.. ဒီပိုစ့်က ရေးကြည့်ရုံတင်ပါ.. :P
မဟုတ်ရပါဘူး ဒေါ်ပုံရိတ်ရာ... ဒီမှာ တိတ်တိတ်လေး ကြေကွဲနေတာ.. :D
အဟဲ.. မှန်တာပြော အသရေဖျက်မှုတဲ့... အနော် ပါဘူးနော်
ပဋိသင်္ခါ ယောနိသော
ခုခေတ်မှာ ထွက်စရာ တောမရှိဘူးနော
:)
ဟုတ်တယ်ဗျာ
တောတွေ မရှိတော့ဘူး
လာဖတ်တယ်ဟ ဒီဗားရှင်းကို..
ဒါလဲ ဟုတ်တာပဲလေ..
ထောက်ခံတယ် ဟဟ
:D သဘူတောရင် အဖွဲ့ ဖွဲ့ မယ်လေ..
Post a Comment